ကျောက်ဆည် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာ တောင်သူ ဦးတင်လင်း စိုက်ပျိုးထားသော ကြက်သွန်နီမျိုးစေ့ (ကြက်သွန်ပန်း) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးရာတွင် အပင်ပွားနည်းစေမည့် မျိုးဥများကို စိစစ်ရွေးချယ်ပြီး စိုက်ပျိုးကြကြောင်း၊ အပင်ပွားများသည့် ကြက်သွန်မျိုးဥများ စိုက်ပျိုးမိပါက ကြက်သွန်တစ်ဥမှ ပန်းပွင့် အများအပြားထွက်ရှိပြီး အောင်မြင်သည့် မျိုးစေ့ထွက်ရှိမှု နည်းပါးကြောင်း၊ ကြက်သွန်တစ်ဥမှ ပန်းတံတစ်တံထွက်ရှိ၍ ပန်းတစ်ပွင့်ပွင့်မှသာ အမြစ်မှပို့လွှတ်သည့်အာဟာရများ ပြည့်ဝစွာရရှိပြီး အောင်မြင်သည့်မျိုးစေ့များ ရရှိကြောင်းနှင့် မျိုးရွေးချယ်မှုသည် အရေးကြီးကြောင်း ကြက်သွန်နီမျိုးစေ့ထုတ် စိုက်ပျိုးရောင်းချသည့် တောင်သူများထံမှ သိရသည်။
ကြက်သွန်နီမျိုးစေ့ထုတ်စိုက်ခင်းများကို ရာသီဥတုနှင့် မြေအနေအထားအရ၊ နတ်တော်လနှင့် ပြာသိုလများတွင် စိုက်ပျိုးကြပြီး စိုက်ပျိုး၍ ရက်ပေါင်း(၂၀)ကျော်လွန်ပါက ပန်းပွင့်မည့် ကြက်သွန်အဖူးများ စတင်ထွက်ရှိလာပြီး အောင်မြင်သန်မာသည့် ပန်းပွင့်များရရှိရေး ပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြေဆွခြင်း၊ အပင်အားတိုးဆေးနှင့် ဝတ်မှုံကူးချိန်တွင် ပျားမွေမြူရေးပုံများ ချထားပေးခြင်းဖြင့် အောင်မြင်သည့်မျိုးစေ့များ ပိုမိုထွက်ရှိကြောင်းနှင့် တန်ပေါင်းလနှင့် တန်ခူးလများတွင် ကြက်သွန်ပန်းအပွင့်များ ခူးဆွတ်ကာ အောင်မြင်သည့် မျိုးစေ့များ ရရှိစေရန်အတွက် အပွင့်များကို ခူးဆွတ်နေလှန်း၍ အစေ့ထုတ်ယူပြီး မျိုးစေ့ဖျက်ပိုးများ ကျရောက်မှုမရှိရေး စနစ်တကျ သိမ်းဆည်ပြီး ရောင်းချကြကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်