မိုင်းယုမြို့၌ ဆောင်းသီးနှံငရုတ်များ တစ်ကီလိုလျှင် ကျပ် ၅၀၀၀(တရုတ်ယွမ် ၇ ယွမ်) ကျော်ခန့် ဈေးကောင်းရရှိ

မိုင်းယု ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တောင်သူတို့ စိုက်ပျိုးထားသည့် ဆောင်းသီးနှံငရုတ်သီးများ စတင်ခူးဆွတ်ရောင်းချလျက်ရှိရာ ငရုတ်သီးအမှည့် တစ်ကီလိုလျှင် ကျပ် ၅၀၀၀(တရုတ်ယွမ် ၇ ယွမ်) ကျော်ခန့် ဈေးကောင်းရနေလျက်ရှိသည်။

မိုင်းယုမြို့တွင် ဒေသခံတောင်သူတို့သည် မိမိတို့၏ ယာမြေများတွင် ရာသီသီးနှံများဖြစ်သည့် အစေ့ထုတ်ပြောင်း၊ ငရုတ်၊ ဖရုံ၊ ပဲပုတ်၊ ဘိုစားပဲ၊ ပဲတောက်ရှည်၊ မြေပဲ၊ ကြက်သွန်နှင့် အခြားဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပြီး အစေ့ထုတ်ပြောင်း၊ ဖရုံနှင့် ငရုတ်တို့ကို စီးပွားဖြစ်အများဆုံး စိုက်ပျိုးလျက်ရှိကြသည်။

မိုင်းယုဒေသ၌ ပထမအများဆုံး စီးပွားဖြစ်နှစ်ရှည်ပင်မှာ ရော်ဘာဖြစ်ပြီး ဒုတိယအများဆုံးမှာ အစေ့ထုတ်ပြောင်းနှင့် တတိယအများဆုံးမှာ ဖရုံတို့ဖြစ်ပြီး အခြားသီးနှံများကို တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးလျက်ရှိကြကြောင်းနှင့် ယခုနှစ်ဆောင်းသီးနှံများထဲတွင် စီးပွားဖြစ် ငရုတ်မှာ စတင်ခူးဆွတ်ရောင်းချနေပြီဖြစ်ပြီး ယခုလက်ရှိပေါက်ဈေးမှာ ငရုတ်သီးအမှည့်(အစိမ်း)တစ်ကီလိုလျှင် ကျပ် ၅၀၀၀ (တရုတ်ယွမ် ၇ ယွမ်) ကျော်ခန့်ထိ ပေါက်ဈေးရကာ ဈေးကောင်းရရှိနေလျက်ရှိပါကြောင်း ကုန်သည်များထံမှ သိရသည်။

ကိုကိုနိုင်