ဝမ်းတွင်း ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တွင်နွေသီးနှံ ဝါနှင့် နှမ်းပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်ဦးရွှေဇင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါပြီး သာစည်မြို့နယ် အောင်သာကျေးရွာနှင့် နှမ်းကန်ကျေးရွာတို့မှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် အောင်သာကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ မိုးကြို ချည်မျှင်ရှည်ဝါ ၂၅၀ ဧက စိုက်ပျိုးမည့်ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ဝန်ကြီးက အဖွင့်အမှာစကားပြောရာတွင် ဝါသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်းနှင့်တောင်သူများက စိုက်ပျိုးရေးအတွက်သာမက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကိုပါ တင်ပြကြရန်ပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ဝါသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ဌာနအလိုက် အသိပညာပေးဆွေးနွေးသည်။ ထို့နောက် တောင်သူများ၏ အခက်အခဲတင်ပြမှုများအပေါ် ဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နှမ်းကန်ကျေးရွာသို့ရောက်ရှိပြီး နှမ်းကန် (မြောက်) ကျောင်းဆရာတော်ဦးသုန္ဒရထံသွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါကျောင်းဝင်းအတွင်း၌ ဒေသခံဝါစိုက် တောင်သူ ၁၆၅ ဦးနှင့်တွေ့ဆုံပြီး မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၀၀ စိုက်ပျိုးမည့် ဒေသခံတောင်သူများအား ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာများ၊ မျိုးကောင်း မျိုးသန့်များစိုက်ပျိုး ရေး၊စိုက်ပျိုးရေရှိရေး၊သွင်းအားစုများရရှိရေးတို့ကိုဆွေးနွေးပြီး ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ဝန်ကြီးနှင့်အဖွဲ့သည် ဝမ်းတွင်းမြို့နယ်သို့ ရောက်ရှိကာ ဘုရားဖြူကျေးရွာအုပ်စု ဘုရားဖြူကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် နွေနှမ်းစိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံ၍ နွေနှမ်းပန်းတိုင်အထွက် နှုန်းရရှိစေရေးအတွက်ဆွေးနွေးခဲ့ပြီး ဝန်ကြီးမှတွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှ နွေနှမ်းစိုက်ပျိုးမှု ဘောင်ကြီးတင်စနစ်ဖြင့် စိုက်စနစ်၏ အာနည်းချက်အားသာချက်များကို ဆွေးနွေးခဲ့ပြီး မျိုးရရှိရေးတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနတာဝန်ခံမှ ဆည်ရေပေးဝေမည့်အခြေအနေများကို လည်းကောင်း၊ စက်မှုလယ်ယာတာဝန်ခံမှ ထွန်ရေးပြင်ချိန်လိုအပ်မည့် ထွန်စက် ကူညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးမြေစာရင်းတာဝန်ခံမှမြေယာကိစ္စရပ်များကို လည်းကောင်း၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန တာဝန်ခံမှ ရေပေးဝေမှုများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး မိတ္ထီလာခရိုင်စိုက်ပျိုးညှိနှိုင်းမှု့အဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးမှ စိုက်ပျိုးနည်းစနစ် မျိုးရရှိရေးနှင့် ရေရရှိရေးတိုကိုဖြည့်စွက်ဆွေးနွေးပေးခဲ့ကာ တောင်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ မွန်းလွဲ (၄) နာရီအချိန်တွင် ဝန်ကြီးနှင့်အဖွဲ့သည် ပြည့်စုံကုန်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဝါသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံကာ တောင်သူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်