မိတ္ထီလာမြို့နယ် အိုင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ်ထုတ်ချေး

မိတ္ထီလာ ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြင်းကန်အုပ်စု အိုင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘုန်း‌တော်ကြီး‌ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲ‌အောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းကြောင်းပြောကြားခဲ့ပြီး  စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းများ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက အိုင့်ကျေးရွာရှိ စိုက်ပျိုးရေး ၁၆ ဦး ငွေကျပ် ၁၁.၉သန်း၊ မွေးမြူရေး ၂၅ ဦး ငွေကျပ် ၁၃သန်း၊ သက်မွေးလုပ်ကိုင်သူ ၅၆ ဦး ၁၉.၆သန်း၊ စုစုပေါင်း ၉၇ ဦး၊ ငွေကျပ် ၄၄.၅သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)