နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ ဝေနေယျသုခဓမ္မာရုံသို့ရောက်ရှိပြီး ပုဗ္ဗသီရိမြို့နယ်အတွင်း ဧည့်စာရင်းတိုင်ကြားပြီး လာရောက်နေထိုင်ကြသည့် အိမ်ထောင်စုများစာရင်းပြုစုထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဧည့်စာရင်းတိုင်ကြားပြီး လာရောက်နေထိုင်ကြသည့် မိသားစုဝင်များအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စားစက်မှုဇုန်အတွင်းရှိ နှင်းရာဇာသောက်ရေသန့် စက်ရုံအတွင်း ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ”တွင် ဝင်ရောက်ယှဉ်ပြိုင်ပြသမည့် လယ်ယာသုံးစက်ကိရိယာများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာ တောင်သူ ဦးအောင်ကိုထက်က ကိုယ်တိုင်တီထွင်ထားသည့် လက်ဆွဲကောက်စိုက်စက် ထုတ်လုပ်တပ်ဆင်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် နေပြည်တော်အတွင်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ချောင်းမငယ်ဆည်ရေအား ဆင်အုံကန်မှတစ်ဆင့် တစ်နေ့လျှင် ရေဂါလံ ခြောက်သန်းရေပေးဝေရေးစနစ် ဆောင်ရွက်ခြင်းလုပ်ငန်း(ဆင်အုံကန်မှ အကွက်ကြီး-၁ အထိ) ဒက္ခိဏသီရိမြို့နယ်၊ မြတ်မင်္ဂလာလမ်းဘေးတွင် ရေပိုက်များသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများသတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း(၂) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သုခတော်ဝင်အိမ်ရာတည်ဆောက်ရေး စီမံကိန်းအပိုင်း(၂) တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေရှည်ခိုင်ခန့်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့်လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ အမျိုးသားပရဆေးဥယျာဉ်သို့ရောက်ရှိပြီး ပရဆေးဥယျာဉ်အတွင်း ဆေးဖက်ဝင်ပင်များစိုက်ပျိုးထားရှိမှုအခြေအနေများ၊ တိုင်းရင်းဆေးပညာပြတိုက်အတွင်း ဆေးဝါးဖော်စပ်ထားမှုအခြေအနေများနှင့်အသုံးပုံများကို ခင်းကျင်းပြသထားမှုများ၊ ပရဆေးဥယျာဉ်အတွင်း သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)