တောင်ကြီးမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တောင်ကြီး ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က တောင်ကြီးမြို့ရှိ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများ၊ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံ ပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့်တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများ၊ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ၌ ဥပတိရုပ်ကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်သရိုက်များနှင့် ခြုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့သည်။

ထို့နောက်ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ကျောက်ကပ်တုသွေးသန့်စင်ဌာနတွင် ဆေးကုသမှုခံယူနေသည့်လူနာများအား လှည့်လည်ကြည့်ရှုအားပေးပြီး ဆေးရုံအုပ်နှင့် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်