မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)နာရီက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွဲပျော်”၊ “မင်္ဂလာပါ”သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးသိန်းဇော်မိုးက ဩဝါဒစကားပြောကြားပြီး ပညာရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က အမှာစကားကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မေစိုးက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်သော အကြောင်း အရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသားနှင့် အောင်မြင်အောင်သင်ကြားပြသပေးခဲ့သော ဆရာမများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် “A”အဆင့်ဖြင့် အောင်မြင်ခဲ့သော (Grade-11)မှ KG အဆင့် ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေး ထည့်ဝင်လှူဒါန်းကြသည့် အလှူရှင်များအား တာဝန်ရှိသူတို့က ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ အခမ်းအနားတက်ရောက်လာကြသော နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)