မိတ္ထီလာ ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့က မိတ္ထီလာမြို့နယ်တွင်း စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းထွက်ရှိရေး ခရိုင်နှင့် မြို့နယ်စိုက်ညှိအဖွဲ့တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအား တွေ့ဆုံဆွေးနွေးပြီး သီးနှံစိုက်ပျိုးမည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ခရိုင်စိုက်ညှိအဖွဲ့ဝင်များ၊ မြို့နယ်များမှ စိုက်ညှိအဖွဲ့ ဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက မိတ္ထီလာခရိုင်အတွင်း နွေသီးနံစိုက်ပျိုးရာတွင် မြေပဲ၊ နှမ်း၊ ဝါ၊ ပဲစင်းငုံ သီးနှံ(၄)မျိုးအား ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဆွေးနွေးမှာကြားသည်။ ၎င်းနောက် ခရိုင်စိုက်ညှိအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ညှိအဖွဲ့ဥက္ကဋ္ဌများက ဒေသတွင်းသီးနှံစိုက်ပျိုးမှု အခြေအနေများ၊ သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာများက ဌာနအလိုက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧကပြည့်မီရေးကိစ္စများကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် တောမကျေးရွာ အုပ်စု၊ ဥယျာဉ်ကျေးရွာဘုန်းကြီးကျောင်းတွင် ဥယျာဉ်ကျေးရွာနှင့် ချောက်ပင်ကျေးရွာတို့မှ နွေနှမ်း ဧက(၁၅၀)စိုက်ပျိုးမည့် တောင်သူများနှင့်လည်းကောင်း၊ ဇောင်ချမ်းကုန်းကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာ၊ သန္တိသုခဓမ္မဗိမာန်တွင် နွေနှမ်းဧက ၁၀၀ စိုက်ပျိုးမည့်တောင်သူများနှင့် လည်းကောင်းတွေ့ဆုံ၍ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာနှင့် အကူအညီပေးရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများက လိုအပ်ချက်များကိုတင်ပြကြရာ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောမကျေးရွာနှင့် ဇောင်ချမ်းကုန်းကျေးရွာတို့ရှိ စံပြကွက် ဧက ၅၀ စီ စိုက်ပျိုးမည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ချမ်းသာ