ပျဉ်းမနား ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Youth Club အဖွဲ့ဝင်လူငယ်များ၏ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူထုအခြေပြုဗဟိုဌာန(Community Centre)လုပ်ငန်းများဆောင်ရွက်မှုနှင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်လူငယ်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူလူငယ်များက အလုပ်ဆိုတာအင်အားပါ၊ အလုပ်တွင်ကျယ်စေချင်ရင် လူရောစိတ်ပါကျန်းမာစေဖို့လိုပါတယ်၊ အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေ၊ အလုပ်လုပ်တဲ့နေရာမှာ အဆိုးမြင်စိတ်မလွန်ကဲပါစေနဲ့၊ အလုပ်လုပ်တဲ့နေရာမှာ အောင်မြင်ချင်ရင် ဇွဲသတ္တိကို အထူးမွေးမြူပါ၊ အလုပ်ဆိုတာ လူစိတ်ကိုရင့်ကျက်စေနိုင်ပါတယ်၊ အလုပ်လုပ်တဲ့နေရာမှာလျော့ရဲရဲမဖြစ်စေနဲ့နှင့် အလုပ်လုပ်တဲ့နေရာမှာ ခြင်္သေ့စိတ်ထားပါ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာရေးဆရာ၊ စာရေးဆရာမများက Youth Club အဖွဲ့ဝင်လူငယ်များ၏ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)