အစိုးရစက်မှုလက်မှုသိပ္ပံ(မိတ္ထီလာ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(မိတ္ထီလာ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါက်တာလေးမာန်ဝင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ၎င်းနောက် ဌာနမှူးများနှင့် စီနီယာကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မေဂျာအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မေဂျာအသီးသီးမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ကြီး ဒေါက်တာလေးမာန်ဝင့်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို အစိုးရစက်မှုလက်မှုသိပ္ပံ(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါက်တာလေးမာန်ဝင့်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)