မိုင်းရှူး ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့နာယက ဦးတိမာတို့က အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးစိုးထွေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆု၊ မြို့နယ်အဆင့် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)