နမ့်စန်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နမ့်စန်() ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပင်လုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်က တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပင်လုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်နှင့် ဘာသာရပ်ဌာနအလိုက် ပါမောက္ခများ၊ ဒုတိယပါမောက္ခများနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကို ဘာသာရပ်များအလိုက် အခန်း (၅)ခန်းခွဲ၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို နံနက် (၉)နာရီခွဲမှ ညနေ (၄)နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် လက်ထောက်မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊  အထက(နမ့်စန်)၊ အထက(မြို့မ)၊ အထက(ဟိုက်ဖတ်)၊ အထက(မိုင်းစိတ်)၊ အထက-ခွဲ(၅)ရပ်ကွက်၊ အထက-ခွဲ(လေတပ်)၊ အထက-ခွဲ(လွိုင်ငင်းကြီး)၊  အထက-ခွဲ(လွယ်ယင်း)နှင့် အထက-ခွဲ(မြို့ဦး)တို့မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၉၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)