မြစ်သား ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွှေသူဌေး (အ.မ.က) ကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများ ပြသခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့မူမှ ကျောင်းသား၊ ကျောင်းသူများအား ယဥ်ကျေးလိမ္မာမူရှိစေရန်နှင့် စည်းကမ်းရှိစေရန် အကြောင်းအရာများပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုရည်ထွေးက ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက်ပြင်ပ စာပေများကို ပါလေ့လာဖတ်ရှုကြစေရေး၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ပြည်ထောင်စုနေ့ အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)