ဒေါပုံမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်ဝစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်

ဒေါပုံ ဇန်နဝါရီ ၁၈

လူငယ်ဟူသည် အနာဂတ်နိုင်ငံတော်၏ တန်ဖိုးထားအားကိုးရမည့် အဖိုးတန်အရင်းအမြစ်များ ဖြစ်သည့်အားလျော်စွာ လူငယ်ကဏ္ဍကို နိုင်ငံတော်မှ ဘက်ပေါင်းစုံမှ ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက ဦးဆောင် ဆွေးနွေးသူအဖြစ်လည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် Grade-10 မှ ကျောင်းသူ မထိုက်အိဝင်းလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် Grade-11 မှ မချောစုကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade-11 မှ မောင်သော်ဇင်ဦးကလည်း ကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်  Grade-10 မှ  မောင်မင်းသန့်ညီညီကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် Grade-10 မှ  မချောကေခိုင်က လည်းကောင်း၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် Grade-10 မှ မောင်သန်းနိုင်ဝင်းက လည်းကောင်း ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများအပေါ် သိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာဗဟုသုတရဖွယ် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုအတွက် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့်အပြင် လူငယ်ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ လစဉ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)