ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နှင့် တာဝန်ရှိသူများက ဟိုပုံးမြို့နယ်ရှိ ဘိန်းစိုက်ခင်းများအား ဖျက်ဆီး

ဟိုပုံး ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာနှင့် စံဖူးကျေးရွာရှိ ဘိန်းစိုက်ခင်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ သွားရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဖျက်ဆီးရာတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းမင်းသိန်း၊ မူးယစ်တပ်ခွဲ (၂) တောင်ကြီးမှ ဒုရဲမှူးကြီး လင်းထွဋ်မြင့်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး သန်းဌေးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှ ဗိုလ်ကြီးမြတ်ဇော်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာ၏ အနောက်ဘက်(၂)ဖာလုံခန့်အကွာ အမြင့်(၃)ပေခန့်ရှိ ဖူးပွင့်ဆဲဘိန်းစိုက်ခင်း (၁၀)ဧကကိုလည်းကောင်း၊ စံဖူးကျေးရွာအုပ်စု၊ စံဖူးကျေးရွာ၏တောင်ဘက် (၃)ဖာလုံခန့်အကွာ စိုက်ပျိုးထားရှိသော ဖွံ့ဖြိုးဆဲဘိန်းစိုက်ခင်း (၁၂)ဧကကိုလည်းကောင်း သွားရောက်ဖျက်ဆီးခဲ့ကြပြီး ဘိန်းစိုက်ခင်းဖျက်ဆီးရေးအဖွဲ့များအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် ဘိန်းစိုက်ခင်းများအား ဒီဇင်ဘာလ (၁၆)ရက်နေ့မှ စတင်၍ ဖျက်ဆီးလျက်ရှိရာ ဘိန်းစိုက်ခင်းဧက စုစုပေါင်း(၁၅၆)ဧက ဖျက်ဆီးနိုင်ခဲ့ပြီးနိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)