တာမွေ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၁၉)အခြေခံပညာ မူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း အချိန်က အဆိုပါကျောင်းအားကစားကွင်းအတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ သူလေးများက မြန်မာ့ကျောင်းသီချင်းအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် သီဆို၍ ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ်ရှိ အမှတ် (၁၉) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းလင်းအောင်က ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ထူးချွန်ဆုရရှိခဲ့ကြသော ကျောင်းသား/သူလေးများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တာမွေမြို့နယ်ရှိ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ သူလေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၁၉) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ ပညာရေးစုံညီပွဲတော်များကို “ မိဘဆရာပူးပေါင်း ကလေးပညာရေးကောင်း ” ဟူသော ဆောင်ပုဒ်နှင့်အညီ မိဘနှင့် ဆရာ၊ ဆရာမများ တွေ့ဆုံဆွေးနွေး၍ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်းပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများကို ဖော်ထုတ်၍ ဂုဏ်ပြုချီးမြှင့်ရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန်သူများ ပေါ်ပေါက်စေ၍ ဂုဏ်ပြုဆုချီးမြှင့်စေခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လေးစားအတုယူ လိုက်နာကြစေရန်နှင့် မိဘများကလည်း ပညာရေးစနစ်၏ သဘောတရားများကို စုံညီပွဲတော် ကျင်းပပေးခြင်းအားဖြင့် သိရှိနားလည်ကြစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)