မိုင်းခုတ်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သီတာအေးက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားဗဟုသုတများ ရရှိစေရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်စေလိုကြောင်းကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ လူကုန်ကူးမှုအသိပညာပေး အကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များအား တက်ရောက်လာသော လူငယ်၊ လူရွယ်များက ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)