မရမ်းကုန်း ဇန်နဝါရီ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ရှစ်မိုင်ခွဲဆည်မြောင်းရုံး၊ အလုပ်ရုံများ၊ ဂိုဒေါင်များနှင့်ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နေ့လည် (၁)နာရီအချိန်က အဆိုပါဌာနရှိ စက်မှုလုပ်ခွင်သင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူး (စက်မှုတိုင်း-၁) ဦးထွန်းအောင်နိုင်က အမှာစကားပြောကြားရာတွင် သိုလှောင်ရုံများ၊ အလုပ်ရုံများနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဌာနနှင့်ပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မလိုလားအပ်သည့် မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနခွဲအသီးသီးမှ အရာထမ်း၊ အမှုထမ်းများမှ သတိပြုကြိုတင်ကာကွယ်ကြရန် အကျယ်တဝင့်မှာကြားသည်။
ထို့နောက် မရမ်းကုန်းခရိုင် မီးသတ်ဦးစီးမှူး ဦးရှိုင်းဝေမိုးက မီးလောင်မှုဖြစ်ပွားစေသည့် အကြောင်းရင်းများ၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ ရုံးဌာနများတွင် လိုက်နာသတိမူရမည့် အချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားကာ စက်မှုတိုင်း(၁)၊ ဖြည့်တင်းရေး၊ ဘူမိ၊ တည်ဆောက်ရေး(၁)၊ တည်ဆောက်ရေး(၉)နှင့် စူးစမ်းလေ့လာရေးဌာနခွဲများမှ တက်ရောက်လာကြသူများအား မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်း၊ ဆည်မြောင်းဌာနရှိ မီးသတ်ကားများဖြင့် သရုပ်ပြမီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရှိရပါသည်။
ကိုရဲ(ပြန်/ဆက်)