တောင်ကြီး ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ ဟဲဟိုး၏ နဝမ/သတ္တမအကြိမ်မြောက် မွေးမြူရေးဒီပလိုမာ (ဟဲဟိုး/ဒီးမောဆို)နှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာ(ဟဲဟိုး) အောင်လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ ဟဲဟိုးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များအပေါ် စာတွေ့လက်တွေ့ ပို့ချမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ပြီး လေ့ကျင့်မှတ်သား သင်ယူလေ့လာပြီးလည်း ဖြစ်သည့်အတွက် သင်ကြားတက်မြောက်ထားသည့် ပညာရပ်ကို ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးကဏ္ဍအတွက် အကျိုးရှိရှိအသုံးချပြီး မိမိ၏အရည်အသွေး၊ ကျောင်း၏ ဂုဏ်၊ မြို့နယ်၊ ပြည်နယ်၏ပုံရိပ်များ ကောင်းမွန်အောင်ဆက်လက်ကြိုးစား ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့ တစ်ဦးချင်းစီရဲ့မှတ်တမ်းကောင်းပုံရိပ်များဟာ မိမိတို့ ကိုယ်တိုင်သော်လည်းကောင်း၊ မိဘဆွေမျိုးများ၏ ဂုဏ်ကိုသော်လည်းကောင်း၊ ဖော်ဆောင်ခြင်းဖြစ်သလို မိမိတို့ကျောင်း၊ ရပ်ရွာ၊ မြို့နယ်၊ ပြည်နယ်မှသည် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်မှတ်တမ်းကောင်းများလည်းရရှိသည်။
တောင်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် မောင်/မယ်တို့မှာ ပိုင်ဆိုင်ပြီးသားဖြစ်သည့် ပွင့်လင်းရိုးသားမှု၊ အချင်းချင်းပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်မှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် အနစ်နာခံမှု၊ အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးစိတ်စသည့် ဂုဏ်ပုဒ်များ မယုတ်မလျော့အောင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုအပ်သလို နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို နိုးကြားတက်ကြွစွာဆောင်ရွက်ပေးစေလိုကြောင်း မှာကြားခဲ့သည်။
စိုက်ပျိုးရေးဒီပလိုမာသင်တန်း ပထမနှစ်မှတတိယနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦိးနေဝင်းအောင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့ကလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာ ရဲတင့်ထွန်းက မွေးမြူရေးဒီပလိုမာသင်တန်းမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား လည်းကောင်း တစ်ဦးချင်းဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)