မိုင်းဖြတ် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းရောင်ခြည်စာကြည့်တိုက် အဆောက်အအုံ သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက နမ့်ယွန်းကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လင်းရောင်ခြည်စာကြည့်တိုက်အသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ သုဓမ္မမဏိဇောတဓရ ဦးထွန်းရွှေ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်၊ မြို့နယ်စီမံကိန်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းခင်ခင်ဆွေ၊ နမ့်ယွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒံယေလှတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားရာ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများနှင့် မြို့ပြနေပြည်သူများ ကွာဟမှုမရှိစေရေးအတွက် အသိပညာဗဟုသုတ တိုးပွားစေရေး၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ရည်ရွယ်ပြီး ကျေးရွာစာကြည့်တိုက်များကို ဖွင့်လှစ်ပေးလျက်ရှိကြောင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင် က စာကြည့်တိုက်ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ သုဓမ္မမဏိဇောတဓရ ဦးထွန်းရွှေနှင့် တာဝန်ရှိသူများက စာကြည့်တိုက်ဆောက်လုပ်မှုမှတ်တမ်းများ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စာအုပ်စာစောင်များကို ပေးအပ်ရာ ဦးဒံယေလှနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ နမ့်ယွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒံယေလှက ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ နမ့်ယွန်းကျေးရွာမှဒေသခံ လားဟူတိုင်းရင်းသားများက လားဟူရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ လင်းရောင်ခြည်စာကြည့်တိုက်ကို နိုင်ငံတော်မတည်ငွေ ကျပ်သိန်း(၁၅၀)ဖြင့် အလျား (၂၀)ပေ၊ အနံ (၁၉)ပေ (RC)တစ်ထပ်၊ စာအုပ်စာစောင်များ၊ ပရိဘောဂပစ္စည်းများ ဝယ်ယူခြင်းတို့ဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)