မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူပေါင်းဆောင်ရွက်သည့် မျက်စိဝေဒနာရှင်ပြည်သူများအတွက် "မရှိ၍မလင်းသူမရှိစေရ" ဆေးကုသပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန် ဆုတောင်းပြည့် မယ်လမုဘုရား၀င်း၊ သာသနာ့ဗိမာန် (၃)ထပ်ဆောင်တွင် ကွင်းဆင်းကုသမှု ပြုလုပ်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများက စာရင်းများကောက်ယူခြင်း၊ စာရင်းများစိစစ်ခြင်းများ ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများက သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီချို၊ သွေးချိုစစ်ဆေးခြင်း၊ ရောဂါများအလိုက် လိုအပ်သောဆေးများ ထောက်ပံ့ပေးခြင်း၊ တီဘီရောဂါရှိမရှိ ဓာတ်မှန်ရိုက် စစ်ဆေးခြင်းများဆောင်ရွက်ပြီး ဆရာ၀န်ကြီးများက မျက်စိအား အဝေးမှုန်၊ အနီးမှုန် စနစ်တကျ စစ်ဆေခြင်းများ ဆောင်ရွက်ကာ မျက်မှန်တပ်ရန်လိုအပ်သော လူနာများအား ပါဝါအလိုက် မျက်မှန်တပ်ခြင်းပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြရာ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ Y.M.B.A အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ စေတနာ့၀န်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆေးကုသမှုပေးနေမှုများအား မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့၀င်များ၊ မြောက်ဥက္ကလာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာ၊ ခရိုင်ပြည့်သူကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာ ဒေါ်ခင်သီတာဦး၊ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာ ဒေါ်လဲ့ညို၀င်း ၊ Y.M.B.A အသင်းဥက္ကဋ္ဌ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်မာလွင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှော်န်ကိပ်ဆုန်နှင့် တာ၀န်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လူနာများအား အာဟာရဖြည့်စွက်စာများပေးအပ်ကာ လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ဆုတောင်းပြည့် မယ်လမုစေတီတော်ဘုရား၀င်းအတွင်း မျက်စိဝေဒနာရှင်များအား "မရှိ၍မလင်းသူမရှိစေရ" ကွင်းဆင်းဆေးကုသပေးရာတွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉)ရပ်ကွက်မှ စာရင်းရှိမျက်စိဝေဒနာရှင် စုစုပေါင်း (၄၀၀)ကျော်ခန့်အား ဆေးကုသမှုပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)