ချောင်းဆုံ ဇန်နဝါရီ ၁၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ၌ ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာတွေ့သင်ကြားမှုအပြင် မြေပြင်ကွင်းဆင်း လက်တွေ့လေ့လာနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ဇန်နဝါရီလ (၁၇)ရက်နေ့က မြို့နယ်အတွင်းရှိ ဆောင်းသီးနှံများ စိုက်ပျိုးအောင်မြင်နေသော ကွင်းများသို့ လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးခဲ့ကြသည်။
အဆိုပါ လက်တွေ့လေ့လာရေးခရီးစဉ်ကို စိုက်ပျိုးမွေးမြူရေး ကျောင်းသား၊ ကျောင်းသူ (၂၂)ဦးတို့အား တာဝန်ရှိသူများမှ ကော့မုပွန်ကျေးရွာရှိ မတ်ပဲ ဧက (၁၀၀) အကွက်ကျယ်စိုက်ခင်း၊ ကုလားဘီကျေးရွာရှိ နေကြာ ဧက (၂၀၀) အကွက်ကျယ်စိုက်ခင်းနှင့် နတ်မှော်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန စံပြစိုက်ကွက်များအား လေ့လာနိုင်ရေး ပို့ဆောင်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပြီး ဇန်နဝါရီလ (၂၀)ရက်နေ့တွင်လည်း မုဒုံမြို့နယ်သို့ သွားရောက်လေ့လာနိုင်ရေး ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)