ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဝန်ထမ်းများအား အခြေခံစားကုန်နှင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု ကြည့်ရှုအားပေး

စစ်တွေ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဝန်ထမ်းများအား အခြေခံစားကုန်နှင့် သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၌ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် ဝန်ထမ်းများအား ရောင်းချပေးမည့် အခြေခံစားကုန်နှင့် သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ ခင်းကျင်းထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဈေးဝယ်ရန် ရောက်ရှိလာကြသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသုံးကုန်များနှင့် သား၊ ငါးများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးတို့ကို စိစစ်ကြပ်မတ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းချပေးရာတွင် အခြေခံစားသုံးကုန်များဖြစ်သည့် ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးခြောက်၊ မုန်လာဥ၊ ငရုပ်သီးစိမ်း၊ ကြက်ဟင်းခါးသီး၊ မြေထောက်ပဲ၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ပဲသီး၊ နံနံ၊ ပန်းဂေါ်ဖီ၊ ချဉ်ပေါင်၊ ကြက်ဥ၊ ဗူးသီးနှင့် ပြောင်းဖူး စသည့်ဟင်းသီးဟင်းရွက်များကို ရောင်းချပေးခြင်းဖြစ်ပြီး သား၊ ငါးအနေဖြင့် ကြက်သား၊ ဝက်သားနှင့် ငါး၊ ပုစွန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

ထိုသို့ရောင်းချပေးရာတွင် မုန်လာဥ (၁) ပိဿာ ၁၅၀၀ ကျပ်၊ ငရုပ်သီး(၁) ပိဿာ ၄၅၀၀ ကျပ်၊ ချဉ်ပေါင်ရွက် (၁) စည်း ၁၀၀ ကျပ်၊ ကန်စွန်းရွက် (၁) စည်း ၁၀၀ ကျပ်၊ နံနံပင် (၃) စည်း ၅၀၀ ကျပ်၊ ကြက်ဟင်းခါးသီး (၁) ပိဿာ ၃၀၀၀ကျပ်၊ ခရမ်းချဉ်သီး (၁) ပိဿာ ၄၀၀၀ ကျပ်၊ ဂေါ်ဖီထုပ်(၁)ထုပ် ၂၀၀၀ ကျပ်၊ ပန်းဂေါ်ဖီ (၁) ပွင့် ၁၀၀၀ ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ ၂၀၀၀၀ ကျပ်၊ ကြက်ဥ (၁) လုံး ၅၀၀ ကျပ်၊ စားဆီတစ်လီတာ ၁၂၀၀၀ ကျပ်၊  ငါးတစ်ပိဿာ ၄၀၀၀၀ ကျပ်၊ ကြက်သား (၁) ပိဿာ ၄၅၀၀၀ကျပ်၊ ဝက်သား (၁) ပိဿာ ၄၈၀၀၀ကျပ်၊ ငရုပ်သီးခြောက် (၁) ပိဿာ ၁၁၀၀၀ ကျပ်တို့ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)