သာစည် ဇန်နဝါရီ ၁၈
မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ စိုက်ပျိုးရေပေးဝေမှုအခြေအနေများနှင့် နွေစပါးစံပြကွက် စိုက်ပျိုးမည့်နေရာတို့အား ဇန်နဝါရီ ၁၆ ရက်က ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များသည် အောင်သာကျေးရွာ မိုးစပါးစံကွက် ရိတ်သိမ်းပွဲတွင် တောင်သူများနှင့်တွေ့ဆုံပြီး ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆွေးနွေးကာ တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်ပြီး တောင်သူ ဦးဝင်း၏ YSR-1 မျိုးစပါး သဘာဝမြေဩဇာထည့်သွင်းအသုံးပြုခြင်းစံပြကွက်ရိတ်သိမ်းပွဲကို ကြည့်ရှု အားပေးခဲ့ပြီး ကြာဘက်ကုန်းကျေးရွာ၌ စိုက်ပျိုးထားသော ရေဆင်း (၃) မျိုး ဆောင်းကုလားပဲ စံပြကွက်စိုက်ပျိုးထားရှိမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မွန်းတည့်ချိန်တွင် သက်တော်ရေလှောင်တမံ (၂) ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသူရအောင်က စိုက်ပျိုးရေပေးဝေမှု အခြေအနေများနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဘိုကုန်းကျေးရွာ၌ နွေစပါးစံပြကွက်ဧက (၅၀) စိုက်ပျိုးမည့်မြေဧရိယာတွင် သဘာဝမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထားမှုကို သွားရောက်ကြည့်ရှုပြီး တောင်သူများနှင့်တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်ဆွေးနွေးပြီး တောင်သူများ၏တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)