တံတား ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာအောင်သင်းရေးသားသည့် “နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ” စာအုပ်ဖြင့် ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် (Youth Club) အဖွဲ့ဝင် မအိမွန်ဇော်က “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် မြှားကိုလေးပေါ်တင်ပြီး ပစ်လိုက်လျှင် နောက်ကိုပြန်မလှည့်တော့ဘဲ တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ပြေးဘိသကဲ့သို့ မိမိနှလုံးသားအဓိဌာန်က စိတ်အင်အားတည်းဟူသော လေးပေါ်သို့တင်ပြီးပစ်လိုက်နိုင်ပါလျှင် မည်မျှခက်ခဲသောအရာဖြစ်ပါစေ အောင်မြင်နိုင်မည်မှာအမှန်ဖြစ်ပါကြောင်း၊ သို့သော် မည်သည့်ရည်မှန်းချက်စက်ဝန်းကို ပစ်မည်နည်းဆိုသည်မှာ အရေးကြီးလှကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Youth Club) အဖွဲ့ဝင် မခိုင်စုစံမှ “ခွန်အားစွမ်းပကားကြီးသောသူ” ခေါင်းစဥ်ဖြင့် လည်းကောင်း ဆက်လက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေဝါသနာရှင်များမှ အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများဖလှယ်ခဲ့ကြောင်း သိရသည်။
ပန်ဆုပြည့် (ပြန်/ဆက်)