ပူတာအို ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်းရှေ့ကွင်းပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ Grade-10-11 ကျောင်းသားကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်”တေးသီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကအလှများဖြင့်ဖျော်ဖြေတင်ဆက် ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးထွက်အောင်သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအားလည်းကောင်း၊၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အတန်းအသီးသီးမှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အစီအစဉ်ဒုတိယပိုင်းတွင် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်း သားရိုးရာယဉ်ကျေးမှု အကအလှများနှင့် တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းနှင့်ကံစမ်းမဲများ ဖွင့်ဖောက်ပေးခြင်းများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်