မဟာအောင်မြေမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ဇေယျာသီရိ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း၌ ယနေ့မွန်းလွှဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း ဆရာတော်ဘဒ္ဒန္တ ဦးသုဇာတမှ သြဝါဒစကား ပြောကြားခဲ့ပြီး မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ဘုန်းတော်ကြီးသင် မူလတန်းကျောင်း၌ ပညာ သင်ယူနေသော အနာဂတ်လူငယ်မျိုးဆက်သစ်များကို စာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာပြီး စာ‌ပေတွင် မွေ့လျော်ကာ မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် မူယစ်ဆေးဝါးကို စမ်းသပ်မသုံးစွဲမိစေရန် မူးယစ်ဆေးဝါးသည် အလွန်အန္တရာယ်ကြီးမားကြောင်း၊ ကျောင်းပညာရေးကိုသာ အဓိကထား သင်ယူသင့်ကြောင်း စသည့် အသိပညာဗဟုသုတရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်‌ရေးရာ အသိပညာ‌ပေးဟောပြောပွဲများကို ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ခြင်း၏အကျိုး ကျေးဇူး အကြောင်းကို ဟောပြောသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက က‌လေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း