လူထုအခြေပြုဗဟိုဌာနကော့မှူး၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော

ကော့မှူး ဇန်နဝါရီ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲ ပုံပြင်ပြောပြိုင်ပွဲကို ယ‌နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်ကိုကိုနှင့် မြို့နယ်စာရေးဆရာအသင်းမှအတွင်းရေးမှူး ဦးခင်ဇော် (ခင်ဇော်-ကော့မှူး) တို့ကပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရန်၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကို ပါလေ့လာဖတ်ရှုခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများဖြစ်လာစေရန်၊ စာဖတ်ခြင်းကြောင့် မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စာပေကြောင့် အတွေးအခေါ်များ မှန်ကန်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူ (၂၅) ဦးဝင်ရောက် ယှဉ်ပြိုင်ကြရာပြိုင်ပွဲတွင် ဆုရရှိသူများကို Book Club အဖွဲ့ဝင် ဒေါ်ဝင်းမြင့်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြပြီး သုတ/ရသ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနေကြသည်။

ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ နေ့ထူးရက်မြတ်များနှင့် အထိမ်းအမှတ်နေ့ရက်များအလိုက် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ပြုလုပ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)