ဟိုပုံး ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ဒုတိယအကြိမ် ရှေ့ပြေးစီမံကိန်း (Pilot Project) ဖြစ်သည့် ဟိုပုံး/ဆီဆိုင်မြို့နယ် (မဲနယ်တောင်နှင့် ပွန်ချောင်းကြား)တွင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ(၁၅) ရက်နေ့က ထီလင်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စငေါကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်ပန်းအောင်က သင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးရွာသူ/သားတို၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုသင်တန်းကိုဖွင့်လှစ် ပေးပါသော အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက သင်တန်းသား/သူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းကို ဇန်နဝါရီလ(၁၅) ရက်နေန့မှ ဇန်နဝါရီလ (၁၉) ရက်နေ့အထိ သင်တန်းသား/သူ (၂၀) ဦးဖြင့် စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)