ကလော ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ-၁၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ-၁ ကျောင်းအုပ်ဆရာကြီး ဦးနိုင်ထက်လင်းက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ-၁ မှ ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့”ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်နှင့် ပါဝင်ဆွေးနွေးသူများက အသီးသီး ပြန်လည်ဖြေကြားပေးခဲ့သည်။ လူငယ်စကားဝိုင်းသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ-၁ မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူ (၂၃၅) ဦးခန့်ပါ ဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)