နောင်တရား ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ ဩဂုတ်လနှင့် စက်တင်ဘာလတွင်စိုက်ပျိုးသည့် စကအာလူးများ တူဖော်လျက်ရှိကြောင်း သိရသည်။
“နောင်တရားဒေသမှာ အာလူးကို မိုးကြိုအာလူး၊ စကမိုးနှောင်းအာလူးနှင့် နွေရာသီရေသွင်းအာလူး စသည်ဖြင့် သုံးရာသီ စိုက်ပျိုးကြပါတယ်။ အဓိက စိုက်ပျိုးဖြစ်တာတော့ မားကစ်၊ မျက်နီ၊ အမ်စစ် စတဲ့မျိုးတွေကို ပြောင်းလဲစိုက်ပျိုးကြပါတယ်၊ အာလူးစိုက်ပျိုးရေး စရိတ်ကအရမ်းများလွန်းပါတယ်၊ ဒီနှစ်မှာ အာလူးဈေးကောင်းနေတော့ အဆင်ပြေနေပါတယ်” အာလူးစိုက်တောင်သူတစ်ဦးက ပြောကြားခဲ့သည်။
နောင်တရားဒေသ၌ထွက်ရှိသည့် အာလူးများကို အောင်ပန်းကုန်စည်ဒိုင်၊ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ကုန်စည်ဒိုင်များ၌ အာလူးအမျိုးအစားပေါ်မူတည်ပြီး အာလူး ၁ ပိဿာ ကျပ် ၆၀၀၀ မှ ကျပ် ၇၂၀၀ အထိ အာလူး သန့်၊ မသန့် ပစ္စည်းကောင်း၊ မကောင်းပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)