ပျော်ဘွယ်မြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် ဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၇

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ပါအကြောင်းအရာကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။

စာပေဝါသနာရှင်များက ယခုစာအုပ်တွင် လူအများစုသည် တန်ဖိုးရှိသောအရာကို မိမိလက်ဝယ်ရရှိလာအောင် လုပ်ဆောင်နိုင်လျက်နှင့် တန်ဖိုးမသိ၊ တန်ဖိုးမထားတတ်မှုများကို ပြုပြင်ရမည့် နည်းလမ်းများ၊ အလေ့အကျင့် ကောင်းများရရှိလာအောင် ပြုစုပျိုးထောင်သွားရမည့်နည်းလမ်းများ၊ အောင်မြင်မှုရရှိစေခြင်းမှာလည်း အခြေခံအားဖြင့် အကျင့်သီလသမာဓိတို့အပေါ် အခြေခံကြောင်းတို့ကို နည်းလမ်းပေးထားသည့် စာအုပ်ကောင်းဖြစ်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)