ခရမ်းမြို့နယ် အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ခရမ်း ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဦးစီးဌာနနှင့် အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က ခရမ်းမြို့ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို ဖတ်ရှုလေ့လာစေလိုကြောင်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်က တိုင်းရင်းဆေးဝါးများ ဝယ်ယူသောက်သုံးပါက သိရှိရမည့် အချက်များ၊ သောက်သုံးရန်မသင့်သော တိုင်းရင်းဆေးဝါးများအကြောင်းနှင့် ရာသီဥတုအလိုက် နေထိုင်စားသောက်ပုံနည်းလမ်းများအကြောင်း အကျယ်တဝင့် ဟောပြောပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

ခရမ်း(ပြန်/ဆက်)