တွံတေး ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခတ္ထိယကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခတ္ထိယ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က (ခတ္ထိယ) ကျောင်းအုပ်ဆရာကြီး ဦးစိုးသိဏ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဦးက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိဥာဏ်ပညာ၊ ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆို ဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာ အတွေ့အကြုံဖလှယ်ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များ ရရှိစေရေး၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများအား Moderator မှ ဦးဆောင်မိတ်ဆက်ပေးကာ Grade - 10 မှ မလင်းလဲ့နေခြည်ကျော်က လူငယ်နှင့် စာပေ၊ Grade- 10 မှ မဖြိုးသီရီခိုင်က လူငယ်နှင့်ကျန်းမာရေး၊ Grade – 11 မှမောင်ကိုကိုကြီးက လူငယ်နှင့်ယဥ်ကျေးမှု Grade – 11 မှ မောင်နိုင်လင်းက လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ခတ္ထိယကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးကိုယ်စား ရပ်မရပ်ဖဖြစ်သူ ဦးလှမင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများနှင့် ပါဝင်ဆွေးနွေးသူများ၊ မေးမြန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး တက်ရောက်ခဲ့ကဿာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များအား ပြသထားရာ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု့ လေ့လာခဲ့ကြကြောင်း သိရသည်။
တွံတေးသား