မိုးနဲ ဇန်နဝါရီ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကုန်းလွန်းကျေးရွာအုပ်စု၊ လွိုင်ယူးကာကျေးရွာရှိ မိုးနဲ-ကုန်းလုံ-လွိုင်ယူးကာလမ်း မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးနဲ-ကုန်းလုံ-လွိုင်ယူးကာလမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၇၂ ဒသမ ၀၆၃ သန်းဖြင့် နှင်းမြရွှေစင်ကုမ္ပဏီက အရှည် လေးဖာလုံ၊ အကျယ် ၁၆ ပေနှင့် ထု ၆ လက်မ ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာအား လုပ်ငန်းများ သတ်မှတ်ကာလ အချိန်မီပြီးစီးရေး၊ သတ်မှတ်လမ်းဒီဇိုင်းများ၏ စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည်မီရေးကို မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းမှာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးသွားပါက လွိုင်ယူးကာကျေးရွာရှိ အိမ်ခြေ ၁၈၁ အိမ်နှင့် အကျိုးပြုနိုင်မည့် ကျေးရွာ လေးရွာတို့မှ လူဦးရေ ၁၉၃၈ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)