မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့်ပြိုင်ပွဲများကျင်းပ

မိုးညှင်း ဇန်နဝါရီ ၁၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ(၃)နာရီက တက္ကသိုလ် အားကစားကွင်း၌ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကားပြောကြားရာ၌ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ကျောင်းသူများအား သင်ကြား​ရေးကိုသာမက လေ့ကျင့်ရေးကိုပါ ထူးချွထက်မြက်လာစေရန်၊ အားကစားကို ချစ်မြတ်နိုးတတ်စေရန်၊ မိမိတက္ကသိုလ်၊ မိမိဂုဏ်သိက္ခာအတွက် ထိန်းသိမ်းတတ်စေရန်၊ တရားသောယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့်သန့်ရှင်းမျှတစွာဖြင့် ကစားနိုင်စေရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဌာန်များကို သံပြိုင်ရွတ်ဆိုကြပြီးနောက် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက အားကစားသမားများအား ရင်းရင်းနှီးနှီးနွေးထွေးစွာ တွေ့ဆုံလက်ဆွဲ နှုတ်ဆက်အားပေးကြကာ ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဘာသာရပ်အသီးသီးမှ အမျိုးသားဘောလုံးအသင်း(၄)သင်းပါဝင်ပြီး အသင်းပတ်လည်ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်၍ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းပျော်ရွှင်စွာ အားပေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း