မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

မိုင်းကိုင် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အ.လ.က(ပန်ကတ်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မနက်ပိုင်းက အဆိုပါကျောင်းကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများ၏ "ကြိုဆိုပါသည် စုံညီပွဲတော်" တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းရွှေဦးက ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား  ဂုဏ်ပြုစကားပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်နုလေးက  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အ.လ.က(ပန်ကတ်)မှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူ (၁၁၄)ဦးတို့ကို  တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက  အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)