ထန်းတပင် ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် နယ်လှည့်ကွင်းဆင်းဆေးကုသခြင်းအစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေ ပြည်သူလေးရာငါးဆယ်ကျော်တို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နယ်လှည့်ကွင်းဆင်းဆေးကုသပေးရာတွင်လည်း လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့သည် သားဖွားမီးယပ်ရောဂါလာရောက်ပြသသူ(၉)ဦး၊ အရိုးရောဂါလာရောက်ပြသသူ (၄၁)ဦး၊ သွားနှင့်ခံတွင်းရောဂါလာရောက်ပြသသူ(၂၀)ဦး၊ မျက်စိရောဂါလာရောက်ပြသသူ(၁၆၇)ဦး၊ ခွဲစိတ်အထူးကုလာရောက်ပြသသူ(၂၂)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါပြသသူ(၂၇)ဦး၊ အရေးပြားရောဂါပြသူ(၃၇)ဦး၊ စိတ်ကျန်းမာရေးရောဂါပြသသူ (၁)ဦး၊ ကလေးအထူးကုလာရောက်ပြသသူ(၁၆)ဦးနှင့် အထွေထွေရောဂါအထူးကုလာရောက်ပြသသူ (၁၁၁)ဦး၊ စုစုပေါင်းလာရောက်ပြသသူ(၄၅၁)ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသလို မျက်စိရောဂါဝေဒနာရှင် (၈၀) ဦးတို့လည်း "မရှိ၍မလင်းသူမရှိစေရ" အစီအစဉ်ဖြင့် မျက်မှန်တပ်ဆင်ပေးနိုင်ခဲ့ပြီး မျက်စိရောဂါဝေဒနာရှင်(၇)ဦးတို့အား ရန်ကုန်မျက်စီဆေးရုံကြီး၌ လိုအပ်သောကုသမှုများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပို့ဆောင်စီစဥ်ဆောင်ရွက်ပေးခဲ့သည်။
နယ်လှည့်ကွင်းဆင်းကုသဆောင်ရွက်ပေးရာသို့ ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာနန္ဒဝင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ကြပြီး လူနာများနှင့် တွေ့ဆုံကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့သလို ဆေးကုသမှုများအဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဌာနမှူး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်