မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်ဆေး အသိပညာပေးခြင်း ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းမှစ၍ ဆမားဒူးဝါးရပ်ကွက်တွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်း မီးလောင်၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှုအခြေအနေများ၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိ ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ ညအိပ်ချိန်ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေများအား စနစ်တကျ သေချာစွာဂရုပြုငြိမ်းသတ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေး တစ်အိမ်တက်ဆင်း လိုက်လံအသိပေးပြောကြားခြင်းအပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်များအတွင်းသို့လည်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)