ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအား မီနီမာရသွန်အပြေးပွဲသို့ တက်ရောက်အားပေး  

မြစ်ကြီးနား ဇန်နဝါရီ ၁၇

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသမှ အားကစားဖြင့်ထူးချွန်သော မျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန် အပြေးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မီနီမာရသွန်အပြေးပြိုင်ပွဲ စတင်တာလွှတ်မည့် မြို့မရပ်ကွက်ရှိ ခရိုင်အားကစားကွင်း ရှေ့ စုရပ်၌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့သည် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲစတင်နိုင်ရေး မီရှူးမီးပန်းပစ်ဖော်တာလွှတ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်(၇၀၀)ဦးကျော်ခန့်တို့သည် ပြည်ထောင်စုလမ်းမကြီးအတိုင်း မြို့မရပ်ကွက်၊ လုံးစွတ်ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်တို့အားဖြတ်ကျော်၍ ဒုတ္ထန်ရပ်ကွက်အတွင်းရှိ ရဝမ်ရိုးရာ ယဉ်ကျေးမှုကွင်းရှေ့ထိ ပြိုင်ပွဲဝင်ခဲ့ကြပြီး ခရိုင်ဘောလုံးကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရာ ပန်းဝင်လာသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ကြိုဆိုဂုဏ်ပြု၍ ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်များအား ဆုများပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ပထမ၊ ဒုတိယနှင့် တတိယဆုရ အမျိုးသားပြိုင်ပွဲဝင်များနှင့် အမျိုးသမီးပြိုင်ပွဲဝင်များအား ဂုဏ်ပြု ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ထဝါဒမ်းကျေးရွာအတွင်းရှိ ပိုင်ရှင် ဦးရယ်ဒန်းတန်၏ ခြံဝင်းအတွင်း သစ်တောဂေဟစနစ်မပျက်ဆီးစေဘဲ လက်ဖက်ပင်များ စိုက်ပျိုး ထားရှိမှုနှင့် လက်ဖက်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ဒေသတွင်း ဈေးကွက်တင်ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင် အတွင်းရှိ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်သည် မြန်မာ ပြည်မြောက်ဖျားပိုင်းတွင် တည်ရှိပြီး ရေခံမြေခံကောင်းမွန်ကာ အားကစားကဏ္ဍတွင်လည်း ပြေးခုန် ပစ်အားကစားနည်း၌ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားကြီးများ ပေါ်ထွက်ခဲ့သည့် နေရာ ဒေသဖြစ်ပါကြောင်း၊ ယနေ့အားကစားကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပနိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး တာဝန် ရှိသူအသီးသီးက ဒေသအတွက်၊ နိုင်ငံအတွက် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးနိုင်မှု အခြေအနေများနှင့် ပြည်နယ်လက်ရွေးစင်အဆင့်အထိ တက်လှမ်းနိုင်ခဲ့မှု အခြေအနေများ ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲများ တိုးမြှင့်ကျင်းပ၍ လက်ရွေးစင်လူငယ်များ ရွေးချယ်နိုင်ရေး ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော ‌တောင်သူများအတွက် လျှပ်စစ်မီးရရှိရေး အိမ်သုံးဆိုလာများကိုလည်းကောင်း၊ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)