ပျော်ဘွယ်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၇

ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သော ဝန်ထမ်းများဖြင့်ဖွဲ့စည်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးရဲမြင့်က မိမိတို့အသင်းသည် ငွေကြေးနှင့်ပတ်သက်ဆက်နွယ်နေသောကြောင့် ပြည်သူများ၊ အသင်းဝင်များအထင်အမြင်လွဲမှားမှုမရှိစေရေး၊ စာရင်းဇယားများတိကျ မှန်ကန်ရေးတို့ကို အထူးဂရုပြုရန် လိုအပ်ကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ လစဉ်အသင်းဝင်များထံမှ ကောက်ခံရရှိမှု၊ စာရင်းစစ်ဆေးခဲ့မှု၊ ထောက်ပံ့ကြေးပေးနိုင်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသင်းအမှုဆောင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း၊ အငြိမ်းစားဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော နာရေးကူညီမှုအသင်းတွင် အသင်းဝင်ပေါင်း(၁၂၀၀)ဦးခန့်ရှိပြီး အသင်းဝင်တစ်ဦး နာရေးဖြစ်ပေါ်ပါက အသက်(၅)နှစ်အောက်ဖြစ်ပါက ငွေကျပ်တစ်သိန်းရှစ်သောင်း၊ (၅)နှစ်အထက် ဖြစ်ပါက ငွေကျပ်နှစ်သိန်းနှုန်းဖြင့်  ပေးအပ်လျက်ရှိကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)