ညောင်ဦး ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် တည်ရှိနေသည့် ကမ္ဘာကျော်မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်မကြီး မီးတောင်ချိုင့်ဝှမ်းအတွင်း ပုပ္ပားမျောက်မြှီးရှည်များကျင် လည်ကျက်စားနေထိုင်လျက်ရှိပြီး သဘာဝသားရဲတိရစ္ဆာန်ချစ်မြတ်နိုးသူများ၊ သဘာဝတောတောင်ရေမြေချစ်မြတ်နိုးသူများ ခွင့်ပြုချက်ဖြင့် လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင်ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်ထံက သိရသည်။
ပုပ္ပားမျောက်မြှီးရှည်များ မျိုးသုန်းပျောက်ကွယ်ခြင်းမှကာကွယ်ရန် ၎င်းတို့နေထိုင်ကျက်စားရာ တောများအား ထိန်းသိမ်းကာကွယ်ခြင်း၊ ပျက်စီးပြုန်းတီးသွားသောတောများကို ပြန်လည်ပြုစုပျိုး ထောင်ခြင်း၊ ဖမ်းဆီးပစ်ခတ်ခြင်းအား ထိရောက်စွာတားမြစ်ခြင်းနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများကပါ ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
မီးတောင်ချိုင့်ဝှမ်းအတွင်းတွင်သာ တွေ့ရှိရသည့် မျောက်များကို ယခင်ကမျောက်မျက်ကွင်းဖြူဟု ခေါ်ဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် IUCN Red List အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၁ ရက်နေ့တွင် မျိုးစိတ်သစ်အဖြစ် သတ်မှတ်ကြေငြာခဲ့ပြီး ပုပ္ပားမျောက်မြှီးရှည်များဟု ပြောင်းလဲခေါ်ဆိုခဲ့ကြောင်း ပုပ္ပားတောင်ဥယျာဉ်ရှိ မီးတောင်ချိုင့်ဝှမ်းအတွင်း၌သာမက နွားလဘို့တောင်၊ မှန်ပြတောင်၊ ဆေးမွန်တောင်တို့တွင် နေထိုင်ကျက်စားနေကြောင်း တွေ့ရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စာရင်းကောက်ယူမှုမှတ်တမ်းများအရ အကောင်ရေ (၁၁၆) ကောင်ခန့် တွေ့ရှိရပြီး ၂၀၂၄ ခုနှစ် စာရင်း ကောက်ယူမှုမှတ်တမ်းများအရအကောင်ရေ (၁၅၀)ခန့် တွေ့ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်သာ တွေ့ရှိနိုင်သည့် ပုပ္ပားမျောက်မြှီးရှည်များကို ဒေသခံများက မျောက်သူတော်ဟုလည်းကောင်း၊ မျောက်ဇီးကွက်ဟုလည်းကောင်း၊ မျောက်မျက်ကွင်းဖြူဟုလည်းကောင်း ခေါ်ဆိုခဲ့ကြပြီး ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးထားရှိသည့် စိုက်ခင်းများက သီးနှံများ စားသောက်ဖျက်ဆီးခြင်းမပြုပဲ သဘာဝတောထဲက အသီးအရွက်နုများကို စားသောက်ကြကြောင်း၊ လူများနှင့်အနီးကပ်နေထိုင်မှုမရှိပဲ တောနက်ထဲနှင့် မတ်စောက်သည့် ကျောက်ထပ်ကမ္ဘားယံများတွင် အနေအထိုင်များကြောင်း၊ မနက်ပိုင်းနေထွက်ချိန်များတွင် မိသားစုလိုက်ဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ နေပူစာလှုံလေ့ရှိကြောင်း ထောင်ခြောက်ကင်မရာမှတ်တမ်းများအရ သိရကြောင်း ပုပ္ပားတောင်ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်က ရှင်းပြသည်။
မြန်မာပြည်အလယ်ပိုင်းတွင် ပုပ္ပားတောင်ကြီး ထီးထီးကြီးတည်ရှိနေကာ ပတ်ဝန်းကျင်မြို့များ၊ ပတ်ဝန်းကျင်ဒေသများအထိ ရာသီဥတုအကျိုးဆက်ရရှိခံစားနေရခြင်းက သစ်ကြီး၊ဝါးကြီးများ ပေါများစွာပေါက်ရောက်ပြီး ရေဝေရေလဲစနစ် တနှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာကာ သဘာဝစိမ့်စမ်းရေထွက်များ၊ ပုံမှန်ဖြစ်နေစေပြီး၊ ပတ်ဝန်းကျင်ကျေးရွာများအနေဖြင့် ထိန်းသိမ်းထားသော သစ်ပင်သစ်တောများခုတ်ယူခြင်း၊ တောမီးမရှို့ခြင်းများဖြင့် ရေမြေတောတောင်သဘာဝတို့အား ရာသီဥတုမှန်ကန်ကောင်းမွန်နေရေး အလေးထားပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းရေးသားလိုက်ပါသည်။
ဒီပါလင်း