မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ ဇန်နဝါရီ ၁၇

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) ၁၁/၂၀၂၄ ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အဆိုပါတက္ကသိုလ်စုဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ပါမော က္ခချုပ် ဒေါက်တာသိန်းဇော်လင်းနှင့် နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြာထားသူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဘုရားကန်တော့ခန်း တင်ဆက်မှုဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထဲက တစ်ခုအပါအဝင်ဖြစ်သည့် တိုင်းရင်းဆေးပညာအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်သည့် မြန်မာနိုင်ငံက တစ်ခုတည်းသောတက္ကသိုလ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ပညာရေး၊ လေ့ကျင့်ရေး၊ သင်ယူရေး၊ သုတေသနလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ရည်မှန်းချက်များ၊ မူဝါဒများချမှတ်၍ ဘက်ပေါင်းစုံမှဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း၊ လူသားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် တိုင်းရင်းဆေးပညာရှင်များ၏ ကျွမ်းကျင်မှုနှင့် ဝန်ဆောင်မှုပေးသည့် ကဏ္ဍသည်လည်း ချန်ထား၍မရပါကြောင်း၊ ကောင်းမွန် စွာတတ်ကျွမ်းနားလည်သည့် တိုင်းရင်းဆေးပညာရှင်များဖြစ်လာအောင် နှီးနွယ်ဆေးပညာရပ်များကိုပါ လေ့လာလိုက်စားရင်း ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားများ ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကျောင်းသားကျောင်းသူများမှ တိုင်းရင်းသားအကများ၊ တေးသရုပ်ဖော် သီဆိုကပြမှုများကို ကြည့်ရှုအားပေးကြသည်။

၎င်းနောက် ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြချီးမြှင့်ပွဲနှင့် ၂၀၂၄ ခုနှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကိုဆက်လက် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပညာရည်ချွန်ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ကပြဖျော်ဖြေခဲ့သည့် အကအဖွဲ့အား ဂုဏ်ပြုငွေများကို လည်းကောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်က ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများကို ဂုဏ်ပြုငွေများနှင့်ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း ချီးမြှင့်ခဲ့ပြီးနောက် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများအားရင်းနှီး နှုတ်ဆက်အားပေးခဲ့ ကြောင်းနှင့် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်