ကျောက်ဆည်မြို့ စတိုးဆိုင်များတွင် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများအား ဝန်ဆောင်မှုပြည့်ဝစွာပေးနိုင်ရေး စစ်ဆေး

ကျောက်ဆည် ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့အတွင်းရှိ စတိုးဆိုင်များတွင် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေးနှင့် ဝယ်ယူသူပြည်သူများအား ဝန်ဆောင်မှုပြည့်ဝစွာပေးနိုင်ခြင်း ရှိ/ မရှိ ယမန်နေ့မွန်လွှဲပိုင်းက ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးစားသုံးသူရေးရာဦးစီးဌာနမှ ကျောက်ဆည်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုးမင်းထွန်းက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ပစ္စည်းများအပေါ်  ဝန်ဆောင်မှုများ၊ အာမခံချက်များကို သတ်မှတ်ချက်များနှင့် ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ရှင်းလင်းပေးခြင်း၊ ဝယ်ယူစားသုံးသူပြည်သူများအား ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ပစ္စည်းများ ကုန်သွယ်မှုပြုရောင်းဝယ်ခြင်းနှင့် ထုတ်လုပ်မှုပြုလုပ်ခြင်း ပြုလုပ်ရာတွင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များ အပေါ်အခြေခံ၍ အာမခံချက်ပေးခြင်းများ ရှိ/ မရှိ စစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ ရောင်းချကြရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

ဆက်လက်ပြီး ဝယ်သူများအား မိမိတို့ဝယ်ယူသည့် ပစ္စည်းများနှင့် ဆိုင်ရှင်များမှ အခြေခံဝန်ဆောင်မှုများပေးသည့်အပေါ်  စိတ်ကျေနပ်မှုရရှိစေခြင်း၊ ပစ္စည်းအကြောင်းအရာများ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် အရောင်း/ အဝယ်ပြေစာ၊ အထောက်အထားရယူခွင့်ရှိခြင်း၊  စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊  စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိပါက မိမိတို့ဝယ်ယူသည့် အရောင်းဆိုင်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများသို့ တိုင်ကြားခွင့်ရရှိစေခြင်း၊ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်၍ ပြန်အမ်းငွေများရရှိခြင်း စသည်တို့ သိရှိခြင်း ရှိ/မရှိ မေးမြန်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)