စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်းများကို ယမန်နေ့မွန်းလွဲ(၁)နာရီက၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများကို ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာပေဖတ်ရှုလေ့လာရေးနှင့် သုတ/ရသ စာအုပ်များမှ ရရှိနိုင်သည့် တွေးခေါ်မျှော်မြင်နိုင်စွမ်းရည်များအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူလေးများအား သုတ/ရသ စာအုပ်များနှင့်စာစောင်များ၊ စုစုပေါင်းအုပ်ရေ(၈၀)ကို  ငှားရမ်း၍ စာဖတ်ဝိုင်းအဖြစ် လဲလှယ်ဖတ်ရှုစေပြီး မိမိတို့ဖတ်ရှုသည့် စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ ဗဟုသုတဖလှယ်ခြင်း များဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းနှင့် အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် တန်းပြဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ Grade-7၊ Grade-8၊ Grade-9 ကျောင်းသား၊ ကျောင်းသူလေးများ စုစုပေါင်း(၂၇၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)