ပြင်ဦးလွင်မြို့တွင် နဝမအကြိမ် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကျင်းပ  

ပြင်ဦးလွင် ဇန်နဝါရီ ၁၇

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)၏ နဝမအကြိမ် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိမှ ယနေ့နိုင်ငံတော်အတွက် လိုအပ်တဲ့ အရည်အသွေးပြည့်ဝပြီး ဘက်စုံတော်တဲ့ပြည်သူတွေ အားထားရတဲ့သားဖွားဆရာမကောင်းများ ဖြစ်ကြပါစေ၊ မိမိတို့နိုင်ငံရှိ ပြည်သူလူထုအားလုံး၏ ကျန်းမာရေးမြင့်မားတိုးတက်လာစေရန် ကျင့်ဝတ်၊ သိက္ခာ၊ တာဝန်ဝတ္တရားများနှင့်အညီ မွန်မြတ်သောစိတ်ဓာတ်များရှိသော သားဖွားဆရာမကောင်းများဖြစ်ကြပါစေ၊ မိမိတို့ကျရာအခန်းကဏ္ဍအသီးသီးမှ Universal Health Coverage ရရှိစေဖို့ နိုင်ငံတော်၏အကျိုးကို ဆောင်ရွက်နိုင်ကြတဲ့ ဂုဏ်ယူထိုက်တဲ့သားဖွားဆရာမကောင်းများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းဆုံးမဩဝါဒစကား မြွက်ကြားပြီး သင်တန်းဆင်းဆရာမများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ စီမံခန့်ခွဲရေးနှင့်ပညာရေးအဖွဲ့ စင်မြင့်ပေါ်တွင်နေရာယူခြင်း၊ နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခြင်း၊ ဘက်စုံသားဖွားဒီပလိုမာ အောင်လက် မှတ်ယူမည့်သူများ ကတိပြုခြင်း၊ ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းခံရသောသူများက “သူနာပြုသစ္စာအဓိဌာန်” ရွတ်ဆိုခြင်းနှင့် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းခံရသောသူများအား ကျောင်းအုပ်က ဒီပလိုမာအောင်လက်မှတ်များ အသီးသီးအပ်နှင်းခဲ့ပြီး အခမ်းအနားပြီးမြောက်ကြောင်း ကြေညာ၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)