ကျောက်ဆည်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အမျိုးသမီးရေးရာအကြောင်းသင်တန်းဖွင့်

ကျောက်ဆည် ဇန်နဝါရီ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးရေးရာအကြောင်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်းသန်းက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၃ ၏ အဓိကလုပ်ငန်းနယ်ပယ်များဖြစ်သော အမျိုးသမီးများနှင့်အသက်မွေး ဝမ်းကျောင်းမှု၊ ပညာရေး၊ လေ့ကျင့်သင်ကြားရေး၊ ကျန်းမာရေး၊  အရေးပေါ်အခြေအနေ၊ စီးပွားရေး၊ ဆုံးဖြတ်ချက်ချမှတ်ရေး၊ လူ့အခွင့် အရေး၊ မီဒီယာ၊ အကြမ်းဖက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် ငယ်ရွယ်သည့် အမျိုးသမီးများအကြောင်းစသည့် ဘာသာရပ်များနှင့်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိုးစံက စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု၊ စွန့်ပစ်ပစ္စည်းများမှ အသုံးပြုပစ္စည်းများ ပြန်လည်အသုံးချမှု၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ ရေဆိုးများ ပြန်လည်သန့်စင်ဆောင်ရွက်ခြင်းအကြောင်းများ ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပြီး ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဗီဒီယို( Clip )များပြသခဲ့ကြောင်း သိရသည်။

သင်တန်းအပြီးတွင် သင်တန်းသား/သင်တန်းသူများနှင့် အပြန်အလှန်မေးခွန်းများမေးမြန်းခဲ့ပြီး ပတ်ဝန်းကျင်ဆိုင်ရာလက်ဆွဲစာအုပ်များ ပေးအပ်ခဲ့ကြောင်းနှင့်သင်တန်းသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆက်စပ်ဌာနများ/ဆက်စပ်အဖွဲ့အစည်းများမှ သင်တန်းသား(၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)