ချမ်းမြသာစည် ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ လမ်း-ငုရွှေဝါလမ်းရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)ရှိ Auditorium Hall တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သောလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်(MIIT)မှ ပါမောက္ခချုပ် ဒေါက်တာ၀င်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးဆောင်ဆွေးနွေးခဲ့ပြီး အဆိုပါတက္ကသိုလ်မှ ပထမနှစ်ကျောင်းသား/သူများဖြစ်ကြသည့် မမြတ်ပန်းဖြူက "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စိုင်းအောင်ခွန်ဖက "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဉာဏ်လင်းထက်က "လူငယ်နှင့်စာပေ"၊ မယွန်းအိဝတီထွန်းက "လူငယ်နှင့်နည်းပညာ" စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လူငယ်စကားဝိုင်းသို့ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ၀င်းအေး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်သူဇာထွန်းနှင့် ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းနှင့် ၀န်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့ (ပြန်/ဆက်)