နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

လယ်ဝေး ဇန်နဝါရီ ၁၇

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက် ၁၀ နာရီက တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးရေးထုတ်ကုန်များတိုးတက်ရန်၊ သီးထပ်စွမ်းအားမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးရေး၊ စားအုန်းဆီအစား ဒေသထွက်ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာထွက်ရှိ၍ ဒေသတွင်း စားသုံးဆီဖူလုံရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်အကူအညီရယူဆောင်ရွက်သွားကြရန်၊ ပညာသင်ကြားရေးတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေး၊ အတန်းစဉ်အလိုက် စဉ်ဆက်မပြတ် ကူးပြောင်းတက်ရောက်သင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ရန် မှာကြားဆွေးနွေးခဲ့သည်။

ဆက်လက်၍ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စသည့်ဌာနများမှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးများကို ကူညီဆောင်ရွက်မည့်အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ခရမ်းကိုင်းကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာမှ ဒေသခံပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စလိုအပ်ချက်များ တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းအုပ်စု၊ ခရမ်းကိုင်းကျေးရွာနှင့် အနီးရှိရွာများမှ ပြည်သူလူထု ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် နေပြည်တော်၊ တိုင်းပညာရေးမှူးရုံးနှင့် လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အောင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ရှမ်းရွှေလျှံကုမ္ပဏီမှ ဆောက်လုပ်ပြီးစီးသည့် ပေ (၉၀ X ၃၀) RCC တစ်ထပ်ကျောင်းဆောင်သစ်အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

 ထို့နောက် ကျောင်းစာကြည့်တိုက်အား ကြည့်ရှုအားပေးကာ သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းပြီး ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီဝင်များနှင့်တွေ့ဆုံ၍ ကျောင်းဆောင်သစ်အား ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်ကူးပြောင်းရေးတိုးတက်ရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)