တွံတေးမြို့နယ်၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေး

တွံတေး ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဌာနဆိုင်ရာရုံးများအား ယခုချိန်ခါသည်ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ဌာနဆိုင်ရာရုံးများသို့ကွင်းဆင်း၍ လက်တွေ့သရုပ်ပြသခြင်း အသိပညာပေးခြင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာမီးငြိမ်းသတ်နိုင်ရေးနှင့် မီးငြိမ်းသတ်သည့် နည်းလမ်းများ စနစ်တကျရှိစေရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြသခဲ့ပြီး ရုံးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကို ဆောင်ရွက်ထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ပြီ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ကြစေရန် ပြောကြားခဲ့သည်။

ထို့နောက် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စီမံကိန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ရုံး၊ သမဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ လဝကရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများသို့ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တွံတေးသား